Friday, July 10, 2009

အသိဥာဏ် + ကိုယ်ကျင့်တရား
တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော
လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း
မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။
လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို
ပြောပြသွားခဲ့သည်။

“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို
သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို
ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ
၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ
လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့
လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်
မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်
ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။
ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့
ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး
တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့
ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့
နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု
အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။

အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး
အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။
ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး
ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို
မေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့
ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့
ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့
ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်
ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ
သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း
ဖြစ်ပါတယ်။

အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ
တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို
ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်
ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က
ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။
ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....

လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ
ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က
အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”
+++++++++++++++++++++++++++++
ရန်သူ? မိတ်ဆွေ?
တခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။
လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ
မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့
ကျူးကျော် ၀င်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက
မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း
မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး
လယ်သမားမှာ သည်းမခံနိုင်သည့် အဆုံးရွာသူကြီးအား ခွေးများကို
အရေးယူပေးပါရန် သွားရောက်တောင်းဆိုခဲ့သည်။

လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဥာဏ်ပညာရှိသော သူကြီးက. .
“အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်း
လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ
မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း တစ်ယောက် လျော့သွားနိုင်ပြီး
ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့
အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့
အိမ်နီးချင်းလုပ်ချင်သလား”

“မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့”
“ကောင်းပြီလေ....ဒီိလိုဆို ကျွန်တော့် အကြံဥာဏ်ကို ခင်ဗျား လိုက်နာရမယ်။
ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်”

သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံး
ဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏သားသုံးယောက်အား လက်ဆောင်အဖြင့်
ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့် နေ့တိုင်းပျော်ရွှင်စွာ ဆော့ကစားနေသော
သားများကိုတွေ့သော် မုဆိုးမှာလည်း ၀မ်းသာကြည်နူးမိသည်။ ထိုအခါမှ
မုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည် စိုးသောကြောင့် ခွေးများကို
သေချာလှောင်ထားတော့သည်။ လယ်သမားအားလည်း ကျေးဇူးတင်ပြီး အမဲလိုက်ရမှရလာသော
အသားများကိုလည်း ဝေငှာတတ်လာသည်။ လယ်သမားလဲ ခြံထွက်အသီးအနှံများ
ဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။ ချစ်ခင်မှုများ အပြန်အလှန်
ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။

မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ လိုချင်ရင် ကိုယ်လိုချင်တာကိုပဲ
ဦးစားမပေးပါနဲ့။ ကိုယ်ချင်းစာစိတ် ထားပြီး သူ့အတွက်လည်း
ထည့်စဉ်းစားပေးပါ။
++++++++++++++++++++++++++++++







အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

Sunday, July 5, 2009


မိတ်ဆွေတို့အနေဖြင့် ဆက်သွယ်လိုလျှင်
vencandasiri@gmail.com

ven.sanda@yahoo.com
Phone +13477252080

လာလည်သွားလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP